ပြင်းထန် အယ်လ်နီညိုကြောင့် လာမည့် ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလမှ ၂၀၂၇ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း ဒေသအသီးသီးတွင် ပုံမှန်ထက် အပူချိန်မြင့်တက်ခြင်း၊ မိုးရွာသွန်းမှုလျော့နည်းခြင်း၊ ရေရှားပါးခြင်းနှင့် မီးဘေးအန္တရာယ်များ ဖြစ်ပေါ်လာနိုင်သဖြင့် အိမ်ထောင်စုအလိုက် အောက်ပါတို့ကို ကြိုတင်ပြင်ဆင်နိုင်ကြပါရန် အသိပေးအပ်ပါသည်။
၁။ သောက်ရေနှင့် ရေသိုလှောင်မှု
အဖုံးပါသော ရေစည်၊ ရေပုံး သို့မဟုတ် ရေတိုင်ကီများ အသုံးပြု၍ သန့်ရှင်းသော သောက်ရေကို လုံလောက်စွာ သိုလှောင်ပါ။ ရေတွင်း၊ ရေကန်များကို ပြုပြင်ထိန်းသိမ်းပါ။ နေပူရှိန်ကြောင့် ရေအရင်းအမြစ်များ လျော့နည်းချိန်တွင် ရေကို စနစ်တကျ ချွေတာသုံးစွဲနိုင်ရန် အရေးကြီးပါသည်။
၂။ အပူဒဏ်ကာကွယ်ရေး
အထူးသဖြင့် ကလေးများ၊ ကိုယ်ဝန်ဆောင်များ၊ သက်ကြီးရွယ်အိုများ၊ နာတာရှည် ရောဂါသည်များနှင့် နေရောင်အောက်တွင် အလုပ်လုပ်သူများသည် အပူဒဏ်အန္တရာယ်ကို အထူးဂရုစိုက်ရပါမည်။ သက်ကြီးရွယ်အိုများနှင့် ရောဂါအခံရှိသူများအတွက် အရိပ်ရ၍ အေးသည့်နေရာများ၊ နေအိမ်တွင်း လေအေးပေးစက်၊ လေပန်ကာ စသည်များဖြင့် အပူဒဏ် သက်သာအောင် စီမံပေးသင့်ပါသည်။ နေ့လယ် ၁၂ နာရီမှ ညနေ ၄ နာရီအတွင်း တတ်နိုင်သလောက် အရိပ်အောက်တွင် နေထိုင်သင့်ပြီး အပြင်ထွက် အလုပ်လုပ်ရသူများအနေဖြင့် ထီး၊ ဦးထုပ်၊ မျက်မှန်၊ လေဝင်လေထွက်ကောင်းသော အဝတ်အစား၊ နေရောင်ခြည်ကာကွယ်သည့် လိမ်းဆေးများ၊ ဖုန်ထူသောနေရာများအတွက် နှာခေါင်းစည်း (Mask) များ ဆောင်ထားခြင်းနှင့် ရေများများသောက်ခြင်းတို့ ပြုလုပ်သင့်ပါသည်။
၃။ လျှပ်စစ်ဓာတ်အားရရှိရေး
လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုအတွက် အရန်ဓာတ်အားရရှိစေရန် Power Bank များ၊ အားပြန်သွင်းနိုင်သော/ဆိုလာမီး၊ ဓာတ်မီး၊ ဘက်ထရီနှင့် အင်ဗာတာများ အရန်သင့်ထားရှိပါ။ လျှပ်စစ်မီး မကြာခဏ ပြတ်တောက်မှုကြောင့် မတော်တဆ မီးဘေးအန္တရာယ် ကျရောက်နိုင်ခြေကို အထူးဂရုပြုပါ။
၄။ ရှေးဦးသူနာပြုခြင်းနှင့် ကျန်းမာရေး
အပူဒဏ်ကြောင့် ခန္ဓာကိုယ်တွင်း ရေဓာတ်ခန်းခြောက်မှုနှင့် အပူနှင့်ဆက်စပ်သော ရောဂါများ ဖြစ်ပေါ်နိုင်ပါသည်။ ရှေးဦးသူနာပြုဆေးပစ္စည်းများ၊ အပူချိန်တိုင်းကိရိယာ၊ ပုံမှန်မှီဝဲရသော ဆေးဝါးများနှင့် ဓာတ်ဆားထုပ်တို့ကို အိမ်တွင် အသင့်ဆောင်ထားပါ။ အပူဒဏ်ကြောင့် မူးဝေခြင်း၊ ရုတ်တရက် သတိလစ်ခြင်း၊ တက်ခြင်းများ ဖြစ်ပေါ်ပါက ကိုယ်အပူချိန်လျော့ကျစေရန် ရေပတ်တိုက်ခြင်းနှင့် ရှေးဦးသူနာပြုစုနည်းဖြင့် အမြန်ဆုံး ပြုစုစောင့်ရှောက်ပါ။ မသက်သာပါက နီးစပ်ရာ ကျန်းမာရေးဌာနသို့ အမြန်ဆုံးပို့ဆောင်၍ ပြုစုကုသမှု ခံယူပါ။
၅။ မီးဘေးလုံခြုံရေး
မီးသတ်ဆေးဘူးနှင့် အလွယ်တကူ မီးငြှိမ်းသတ်နိုင်သည့် ပစ္စည်းများ ပြင်ဆင်ထားရှိပြီး အိမ်ပတ်ဝန်းကျင်တွင် ခြောက်သွေ့သော သစ်ကိုင်း၊ အမှိုက်သရိုက်နှင့် မီးလောင်လွယ်သော ပစ္စည်းများကို ရှင်းလင်းထားပါ။
၆။ မိုးလေဝသအခြေအနေကို သတိပြုခြင်း
မိမိနေထိုင်ရာဒေသ၏ မိုးလေဝသအခြေအနေ၊ အပူချိန်မြင့်တက်မှု အခြေအနေကို အမြဲမပြတ် စောင့်ကြည့်၍ ပြင်ပသို့ သွားရောက်ရန် ကိစ္စရပ်များ၊ လိုအပ်သည့် ကြိုတင်ပြင်ဆင်မှုများကို ဆောင်ရွက်ပါ။
ပြင်းထန်အယ်လ်နီညိုအတွက် ကြိုတင်ပြင်ဆင်မှုများ မဖြစ်မနေ ဆောင်ရွက်ပါ။ မိသားစု၏ အရေးကြီးသည့် လိုအပ်ချက်များကို ဖြည့်ဆည်းပါ။ အချင်းချင်း သတိပေးစကား မျှဝေပါ။
#MoSLHA#NUGMyanmar#PVTVMyanmar
#ClimateChange#ElNino#ကြိုတင်ပြင်ဆင်မှု
Source: https://www.facebook.com/mohadmNUG
